ဆုကြီးပန် အင်္ဂါများ ဩဝါဒတော်
Автор: Mahasi Dhamma 24-7 - မဟာစည်တရားတော်များ ၂၄-၇
Загружено: 2025-04-09
Просмотров: 339
မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွင့်တင်ထားရှိပါသည်။
ဤ "ဆုကြီးပန် အင်္ဂါများ ဩဝါဒတော်" ကို မဟာစည်ဆရာတော်ဘုရားကြီးက အရှင်ဓမ္မဓဇ (ဦးနု) ၏ လျှောက်ထားချက်အရ ၁၃၂၈-ခု၊ နတ်တော် (သို့) တပို့တွဲလတွင် ဟောကြားခဲ့ပါသည်။ ၄င်း ဩဝါဒကို အမည်ပေးထားခြင်း မရှိပါ။ ဆရာတော်ဘုရားကြီးသည် ဆုကြီးပန်ပုဂ္ဂိုလ်များ ပြည့်စုံရမည့် အင်္ဂါများကို ပိဋကတ်စာပေ အထောက်အထားများနှ် ဗဟုသုတဖြစ်ဖွယ် ဟောကြားထား၍ ထိုအကြောင်းနှင့် လျော်ညီစေရန် “ဆုကြီးပန် အင်္ဂါများ ဩဝါဒတော်” ဟု အမည်ပေးပါသည်။
အရှင်ဓမ္မဓဇ (ဦးနု) ၏ လျှောက်ထားချက်
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားအား တပည့်တော် လျှောက်ထားပါသည်ဘုရား
တပည့်တော်သည် လူတချို့ကို တွေ့ဖူးပါသည်ဘုရား။ ၄င်းလူများသည် ကိုယ်ကျင့်တရားလည်း မရှိပါ။ အလှူအတန်းစသည့် ကောင်းမှုကုသိုလ်များကိုလည်း လုပ်သင့်သလောက်ကလေးတောင် ပြုလုပ်သည်ကို မတွေ့ပါဘုရား။ ထကြွမှုလည်း မရှိပါဘုရား။ ထိုပုဂ္ဂိုလ်များကို စုံစမ်းကြည့်သည့်အခါ ၄င်းပုဂ္ဂိုလ်များက ၄င်းတို့သည် ဘုရားဆု ပန်သည်ဟူ၍လည်းကောင်း၊ ပစ္စေကဗုဒ္ဓါဆု ပန်သည်ဟူ၍လည်းကောင်း၊ အဂ္ဂသာဝက မဟာသာဝကဆုများကို ပန်သည်ဟူ၍လည်းကောင်း အသီးသီး ဖြေကြားကြပါသည်ဘုရား။
၄င်းတို့၏ နေပုံထိုင်ပုံ စိတ်နေစိတ်ထား ကိုယ်ကျင့်တရားများကိုကြည့်ပြီး ဒီလိုလူစားတွေက ဒီဆုကြီးတွေကိုပန်တာ ရယ်စရာကောင်းလှတယ်-ဟု တပည့်တော်ယူဆပြီး ၄င်းပုဂ္ဂိုလ်များအား တပည့်တော် အထင်သေးမိပါသည်ဘုရား။
၄င်းပုဂ္ဂိုလ်များနှင့် တွေ့ပြီးသည့်နောက် တပည့်တော်သည် ယခုလို ဆင်ခြင်မိပါသည်ဘုရား။
‘ငါ့ထက်ညံ့တဲ့သူများကို ငါ အထင်သေးပြီး ရယ်ချင်သလို ငါ့ထက်သာတဲ့ ပုဂ္ဂိုလ်တွေကလည်း ငါပန်တဲ့ဆုကို ကြားရရင် ငါရဲ့ ချို့ယွင်းချက်တွေကို ကြည့်ပြီး ရယ်ချင်ကြမှာပဲ။ ငါ့ကို အထင်သေးကြမှာပဲ’ အစရှိသည်ဖြင့် ဆင်ခြင်မိပါသည်ဘုရား။
ကျေးဇူးရှင် ဆရာတော်ဘုရားသည် တပည့်တော်ထက် အစစအရာရာတွင် မနှိုင်းယှဉ်သာအောင် ထူးကဲသာလွန်သော ပုဂ္ဂိုလ်မြတ် ဖြစ်ပါသည်ဘုရား။ တပည့်တော် ပန်ထားသောဆုကိုလည်း သိတော်မူသော တပည့်တော်၏ ဆရာမြတ် ဖြစ်ပါသည်ဘုရား။ ဆရာမြတ်ဖြစ်သည့်အားလျော်စွာ ထိုဆုကို ပန်ထားသောသူအနေနှင့် တပည့်တော်၏ ချို့ယွင်းချက်များ၊ ညံ့ဖျင်းချက်များနှင့်တကွ သင့်တော်သည့် အချက်များကိုလည်း ကောင်းစွာသိမြင်နိုင်သော ဆရာမြတ်ဖြစ်ပါသည်ဘုရား။
သို့ဖြစ်ပါသောကြောင့် တပည့်တော်အား အစဉ်သနားသည်ကို အကြောင်းပြု၍ တပည့်တော်၏ ဆုနှင့်ပတ်သက်ပြီး မည်သည့်ချို့ယွင်းချက်များကို ပယ်ရမည်ဟူ၍လည်းကောင်း၊ မည်သည့်အချက်များကို ဆထက်ထမ်းပိုး တိုးပြီးလုပ်ရမည်ဟူ၍လည်းကောင်း တပည့်တော်အား ပွင့်လင်းစွာ ဩဝါဒ ပေးသနားတော်မူပါဘုရား။
ဆရာတော်ဘုရား၏ ဩဝါဒများသည် တပည့်တော်အတွက် အခါကြာမြင့်စွာ အကျိုးဖြစ်ထွန်းနိုင်လိမ့်မည်-ဟု တတည့်တော် မမှိတ်မသုန် ယုံကြည်ပါသည်ဘုရား။
ထိုလျှောက်ထားချက်နှင့်ပတ်သက်၍ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက_
“လျှောက်ထားချက်ထဲမှာ ဘုရားဆု၊ ပစ္စေကဗုဒ္ဓါဆု၊ အဂ္ဂသာဝကဆု၊ မဟာသာဝကဆု ပန်ပြီး ထိုဆုကြီးများနှင့် သင့်လျှော်အောင် ပါရမီဖြည့်ဆည်းမှု ကင်းပြီးတော့နေတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ရတဲ့အတွက် အထင်အမြင်သေးပုံကို မထမ အခြေတည်ပြီးတော့ လျှောက်ထားပါတယ်”
“ဆုပန်ပြီးတော့ ထိုဆုနဲ့သင့်လျှော်တဲ့ ပါရမီကျင့်ဝတ်ကို မကျင့်ရင် အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းက ထိုပုဂ္ဂိုလ်အပေါ်မှာ ဒီလိုပဲ အထင်အမြင်သေးမှာပဲ။ အထင်အမြင်လဲ သေးစရာ ရှိပါတယ်”
“ဆုပန်ရုံသာ ပန်ပြီးတော့ ကျင့်သင့်ကျင့်ထိုက်တဲ့ အကြောင်းပါရမီတွေ မကျင့်လို့ရှိရင် သူပန်ထားတဲ့ ဆုအတိုင်း ပြည့်စုံဖို့ရာကတော့ အတော်ဝေးသေးတယ်လို့ ဆိုရမှာပဲ။ သို့သော်လဲ သူ မဆုတ်မနစ် ဆုပန်ပြီး တဖြည်းဖြည်းချင်းနဲ့ ရင့်ကျက်ပြီး ပါရမီတွေ နောက်အခါကာလ ဖြည့်ကျင့်သွားမယ် ဆိုရင်တော့ ဆုပန်ထားတဲ့အတိုင်းလဲ ပြည့်စုံချင်ပြည့်စုံပါလိမ့်မယ်။ ဒါ နီးတော့ မနီးသေးဘူး-ဆိုတာ ကတော့ တော်တော် ထင်ရှားပါတယ်”
“အဲဒါကြောင့် ဆုပန်ပြီးတော့ ထိုဆုနဲ့သင့်လျော်တဲ့ ပါရမီကျင့်ဝတ်တွေကို မကျင့်တဲ့ ပုဂ္ဂိုလ်တွေလဲ ဒါ သတိပြုစရာပါပဲ။ ဦးနုလျှောက်ထားချက်ဟာ အင်မတန် ကောင်းပါတယ်။ သတိပြုစရာပါပဲ” စသည်ဖြင့် မိန့်ကြားတော်မူပြီး_
သူတပါးအပြစ်ကို မြင်လွယ်ပုံ၊ မိမိအပြစ်ကို မြင်ခဲပုံ စသည်တို့ကို_
“သုဒဿံ ပရဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒဿံ။
(ပရေသံ ဟိ သော ဝဇ္ဇာနိ၊ ဩပုနာတိ ယထာ ဘုသံ။
အတ္တနော ပန ဆာဒေတိ၊ ကလိံဝ ကိတဝါ သဌော)” ဟူသော (ဓမ္မ။ ၄၉။) ဂါထာကိုလည်းကောင်း၊
ဘုရားဆုပန်သူ ပြည့်စုံရမည့် အင်္ဂါ ၈-ပါးနှင့် ပစ္စေကဗုဒ္ဓါ စသောဆုပန်သူများ ပြည့်စုံရမည့် အင်္ဂါများကို_
“မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ။
ပဗ္ဗဇ္ဇာ ဂုဏသမ္ပတ္တိ၊ အဓိကာရော စ ဆန္ဒတာ။
အဋ္ဌဓမ္မသမောဓာနာ၊ အဘိနီဟာရော သမိဇ္ဈတိ” (ဗုဒ္ဓဝံ။ ၃၁၁။) စသည်ကို ကိုးကား၍ ဟောကြားထားပါသည်။
ကမ္ဘာအရပ်ရပ်တရားလိုလားသူများ လွယ်ကူစွာနာယူနိုင်ကြသည့် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ်ပါဝင်လိုသူများသည် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် [email protected] များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
မဟာစည်တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အသံ မကြည်လင်ခြင်း၊ နှေးခြင်း၊ မြန်ခြင်းတို့ ကို သတိပြုမိပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ မော်တာမြန်နှုန်း အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
မဟာစည် မီဒီယာအဖွဲ့က ၁၃၈၅-ခု သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software ဖြင့် တည်းဖြတ်ထားကြောင်း အသိပေးပါသည်။

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: