စနစ် ချွတ်ယွင်းမှုကြောင့် အမေရိကန် ပြည်တွင်း လေကြောင်းခရီးစဉ်အားလုံး ပျံသန်းခွင့် ဆိုင်းငံ့ခဲ့ရ
Автор: Delta News Agency
Загружено: 2023-01-12
Просмотров: 302
အမေရိကန်ရဲ့ ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲရေးဌာန (FAA)ရဲ့ နည်းပညာပိုင်း ချွတ်ယွင်းမှု တစ်ခုကြောင့် တစ်နိုင်ငံလုံးက ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကို နာရီပေါင်း အတော်ကြာ ရပ်ဆိုင်းထားခဲ့ရပါတယ်။
ဇန်နဝါရီ ၁၁ ရက်က ဖြစ်စဉ်မှာ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေ ပျံသန်းပြေးဆွဲမယ့် လေယာဉ်မှူးတွေဟာ အန္တရာယ် ရှိနိုင်ကြောင်း သတိပေးချက်တွေ လက်ခံ ရရှိခဲ့ကြပါတယ်။ အကြောင်းရင်းကို စစ်ဆေးတဲ့အခါ FAAရဲ့ စနစ်မှာ ချွတ်ယွင်းချက်တစ်ခု ရှိနေနိုင်တာကို သိရှိသွားတဲ့အတွက် ပြည်တွင်း ခရီးစဉ်တွေအတွက် ပျံသန်းထွက်ခွာမယ့် လေယာဉ် အားလုံးကို ဆိုင်းငံ့ထားစေခဲ့ပါတယ်။ လေထဲကို ရောက်နှင့်ပြီးသား လေယာဉ်တွေကိုတော့ မူလ အစီအစဉ်အတိုင်း ဆက်လက် ပျံသန်းစေခဲ့ပါတယ်။
နိုင်ငံအနှံ့က လေဆိပ်တွေမှာတော့ ပြည်တွင်း လေကြောင်းလိုင်းတွေ ထွက်ခွာမယ့် ကိစ္စအားလုံး ယာယီ ဆိုင်းငံ့ထားတယ်လို့ ကြေညာခဲ့ရတာကြောင့် သန်းနဲ့ချီတဲ့ ခရီးသည်တွေဟာ လေဆိပ်ထဲမှာ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ကြရပါတယ်။
အခုအခါမှာ FAAဟာ လေဆိပ်တွေကို တစ်ခုချင်းစီ ပုံမှန် လုပ်ငန်းလည်ပတ်ဖို့ အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ သတင်းတွေအရ FAAရဲ့ NOTAM ကွန်ပျူတာ စနစ်ထဲမှာ ချွတ်ယွင်းနေတဲ့ ဖိုင်တစ်ခု ရှိခဲ့ပြီး အခုလို ကျယ်ပြန့်တဲ့ အကျိုးဆက်တွေ ကြုံတွေ့စေခဲ့တာလို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး အမေရိကန် ပြည်တွင်းလေကြောင်းလိုင်း တချို့ရဲ့ ရှယ်ယာတန်ဖိုးတွေပါ အနည်းအကျဉ်း ကျဆင်းသွားခဲ့ပါတယ်။
လေယာဉ်တွေ ပျံသန်းခွင့် ဆိုင်းငံ့ထားချိန် အတောအတွင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒန်က သတင်းထောက်တွေကို အတိုချုပ် ပြောဆိုခဲ့ရာမှာ ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုခုကြောင့်ဆိုတဲ့ အထောက်အထားတော့ လုံးဝ မတွေ့ရကြောင်း အတည်ပြုခဲ့ပါတယ်။
FAAနဲ့ နီးစပ်သူတွေက NOTAM စနစ်မှာရော၊ အရန် စနစ်ထဲမှာပါ ချွတ်ယွင်းနေတဲ့ ဖိုင်တစ်ခုစီ ရှာတွေ့ခဲ့တယ်လို့ CNN သတင်းဌာနကို ပြောပါတယ်။ အခုပြဿနာဟာ မတန်တဆ တိုးပွားလာတဲ့ လေကြောင်း ပျံသန်းမှု ခရီးစဉ်တွေကို စီမံခန့်ခွဲဖို့ ပိုမိုကောင်းမွန်တဲ့ အခြေခံ အဆောက်အအုံမျိုး လိုအပ်နေပြီ ဆိုတာကို ညွှန်ပြနေတဲ့ ဥပမာ တစ်ခုလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ FAAဟာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း သိရပါတယ်။

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: