အထင်သေးတဲ့စိတ်ကို ဆုံးမပါ - ဒေါက်တာအရှင်ဓမ္မသာမိ
Автор: တရားတော်များ
Загружено: 2025-12-23
Просмотров: 104
ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ (အင်္ဂလိပ်: Dhammasami) ကို ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်နယ်၊ လဲချားမြို့၊ နောင်ပန်ကျေးရွာတွင် မွေးဖွားခဲ့သည်။ သက်တော် ၆ နှစ်တွင် ရှမ်းပြည်နယ်၊ လဲချားမြို့၊ မဟာစည်ရိပ်သာသီရိမင်္ဂလာအုဌ်ကျောင်း ဆရာတော် ဘဒ္ဒန္တကေသရ (ကမ္မဋ္ဌာနာစရိယ) ထံတွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။ သက်တော် ၂၀ နှစ်တွင် မော်လမြိုင်မြို့၊ ဝေဇယန္တာကျောင်းတိုက် ခဏ္ဍသိမ်တော်၌ တောင်လေးလုံးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂသေနာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ မော်လမြိုင်မြို့၊ ကျိုက်သုတ်ဘုရားလမ်းနေ ဒေါ်ရီနှင့် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ဝေဇယန္တာကျောင်းတိုက် ခဏ္ဍသိမ်တော်၌ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ပညာရေး
၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရမှ ကျင်းပသော ‘သာသနဓဇဓမ္မာစရိယ’၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်၏ ‘သဒ္ဓမ္မောဒယဓမ္မာစရိယ’ နှင့် ရှမ်ပြည်နယ်၊ ပင်လုံမြို့တွင် ကျင်းပသော ရှမ်းဘာသာ ‘အဘိပါလဓမ္မာစရိယ’ စသော ဓမ္မာစရိယတန်း သုံးခုစလုံးကို သာမဏေဘဝဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်၏ သဒ္ဓမ္မောဒယဓမ္မာစရိယတန်းကို ပါဠိဘာသာဖြင့် ပထမဆုဆွတ်ခူး အောင်မြင်ခဲ့သည်။
ဆရာတော်သည် ၁၉၉၃ ခုနှစ်တွင် Buddhist and Pali University of Sri Lanka, Colombo မှ မဟာဝိဇ္ဇာဘွဲ့ (MA, Buddhism) ကို ပထမအကြိမ် ရရှိခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် မဟာဝိဇ္ဇာဘွဲ့ (MA, Buddhist Philosophy) (၁၉၉၃) နှင့် တတိယအကြိမ် မဟာဝိဇ္ဇာဘွဲ့ (M.Phil, Research Degree) (၁၉၉၆) ကို University of Kalaniya, Colombo, Sri Lanka မှ ရရှိခဲ့သည်။
၂၀၀၄ ခုနှစ်တွင် Oriental Institute, University of Oxford တွင် ‘၁၇ ရာစုမှ မျက်မှောက်ကာလအထိ မြန်မာနှင့် ထိုင်းနိုင်ငံရှိ ဘုန်းတော်ကြီးများ ပညာရေးသမိုင်းဖြစ်စဉ် _ Idealism and Pragmatism: A Study of Monastic Education in Myanmar and Thailand from the 17th Century to the Present’ ဟူသော ခေါင်းစဉ်ဖြင့် သုတေသနပြုစာတမ်းရေးသား၍ ပါရဂူဘွဲ့ (Doctor of Philosophy – D.Phil) ကို ရယူခဲ့သည်။
နိုင်ငံတကာ သာသနာပြုလုပ်ငန်းများ
အထွေထွေအတွင်းရေးမှူး - နိုင်ငံတကာဗုဒ္ဓနေ့အခမ်းအနားကျင်းပရေးကော်မတီ (International Council for UN Day of Vesak; ICUNDV) ကမ္ဘာ့ထေရဝါဒတက္ကသိုလ်များအသင်းနှင့် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များအသင်း (International Asso. of Theravada Buddhist Universities; ATBU & International Asso. of Buddhist Universities IABU) မြန်မာနိုင်ငံဗုဒ္ဓဘာသာတက္ကသိုလ်နှင့် ကောလိပ်များအသင်း (Association of Myanmar Buddhist Colleges and Universities)
ဥက္ကဋ္ဌ - နိုင်ငံတကာဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံမှ ပညာရှင်များ စုပေါင်း၍ ပြုစုသည့် ‘ဘုံဗုဒ္ဓဘာသာကျမ်း’ စာတမ်းပြုစုရေးကော်မတီ (Compilation Committee for the Common Buddhist Text; CCCBT)
ဗုဒ္ဓဘာသာပညာရှင်နှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတာဝန် - ဗုဒ္ဓဘာသာပညာလေ့လာရေးဌာန၊ အောက်စဖို့ဒ်တက္ကသိုလ်၊ အင်္ဂလန်နိုင်ငံ။
အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် - ဗုဒ္ဓဘာသာပညာလေ့လာရေးဌာန၊ ဘုံဘေတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ။
ဧည့်ပါမောက္ခ - နာလန္ဒဗုဒ္ဓဘာသာကောလိပ် (Nalanda Buddhist College) အင်ဒိုနီးရှားနိုင်ငံ။
ပြင်ပစာစစ်သူ (External Examiner) - ဗုဒ္ဓတက္ကသိုလ်များ၊ ထိုင်းနိုင်ငံနှင့် သိရိလင်္ကာနိုင်ငံ။
ဆရာတော်သည် အောက်စဖို့ဒ်ဗုဒ္ဓဝိဟာရကျောင်းတိုက်ကို အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်တက္ကသိုလ်တွင် ၂၀၀၃ ခုနှစ်မှ စတင်တည်ထောင်ပြီး အပတ်စဉ်တရားစခန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။ စင်္ကာပူ၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့တွင်လည်း ကျောင်းခွဲများတည်ထောင်ပြီး လစဉ် - နှစ်စဉ် တရားစခန်းများကို အလှည့်ကျဖွင့်လှစ်ပါသည်။ စပိန်၊ ဆားဗီးယား၊ ဟန်ဂေရီ စသော အနောက်ဥရောပနိုင်ငံများတွင်လည်း နှစ်စဉ် ရက်တိုတရားစခန်းများ ပြသခြင်း၊ အဘိဓမ္မာနှင့် ပါဠိသင်တန်းများ သင်ကြားခြင်း၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ ကနေဒါ စသည့် အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးများသို့လည်း အလျဉ်းသင့်သလို ကြွရောက်ပြီး သာသနာပြုတာဝန်များကို ထမ်းဆောင်တော်မူလျက် ရှိသည်။
ပြည်တွင်း သာသနာပြုလုပ်ငန်းများ
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းမြေရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ၂၀၀၆ ခုနှစ်မှစ၍ သာသနာရေးဝန်ကြီးဌာနမှ ဆက်ကပ်သော ပါမောက္ခရာထူးကို လက်ခံယူလျက် သာသနာ့တာဝန်ထမ်းဆောင်တော်မူလျက်ရှိသည်။ ပါရဂူတန်း ကျမ်းစာများကို ကြီးကြပ်စစ်ဆေးပေးခြင်း၊ နိုင်ငံတကာ စာတမ်းဖတ်ပွဲများ၊ ညီလာခံများ ဦးဆောင်စုစည်းကျင်းပေးခြင်း စသည်ဖြင့် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာပညာရှင်များနှင့် ပြည်တွင်းပညာရှင်များ၊ သံဃာများကို ဆက်သွယ်ဆောင်ရွက်ရာ အခန်းကဏ္ဍတွင် အထူးတာဝန်ယူလေ့ရှိသည်။ ထို့အပြင် သီတဂူဆရာတော်ကြီး ဦးဆောင်ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဦးဆောင်ကူညီသာသနာပြုလျက်ရှိသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ရှိ ပညာဗောဓိကုန်းမြေပေါ်တွင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University, SSBU) ကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာပညာရေးကဏ္ဍကို ကမ္ဘာ့တက္ကသိုလ်ကြီးများနည်းတူ ဗုဒ္ဓဘာသာအတွေးအခေါ်များ၊ တရားဓမ္မများအား နိုင်ငံတကာ အဆင့်မီ သုတေသနပြု လေ့လာသင်ကြား ပို့ချနိုင်သည့် တက္ကသိုလ်ကြီးများ ဖြစ်ထွန်းလာစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။
ဆရာတော်သည် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့တို့ကို ရရှိခဲ့သည်။
#တရားတော်
#channel
#အောက်စဖို့ဒ်ဆရာတော်
#တရားတော်
#အောက်စဖို့ဒ်ဆရာတော်
#ပါမောက္ခဒေါက်တာဓမ္မသာမိ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: