ပခုက္ကူနဲ့ ပေါက်ကရွာတွေကို စစ်ကြောင်းထိုးမီးရှို့လို့ ဒေသခံသောင်းချီတိမ်းရှောင်နေရ
Автор: Myaelatt Athan
Загружено: 2025-12-19
Просмотров: 11491
ပခုက္ကူနဲ့ ပေါက်ကရွာတွေကို စစ်ကြောင်းထိုးမီးရှို့လို့ ဒေသခံသောင်းချီတိမ်းရှောင်နေရ
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ပေါက်မြို့နယ်က ရွာတွေကိုစစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေ နေရပ်ကနေတိမ်းရှောင်နေကြရတယ်လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်) တာဝန်ရှိသူနဲ့ဒေသခံတွေဆီက သိရပါတယ်။
ပခုက္ကူမြို့နယ်၊ ဇောင်ဂျမ်းကုန်းကျေးရွာကို အင်အား ၁၅၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းက ဒီဇင်ဘာ ၁၉ ရက် ဒီကနေ့မနက်မှာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်)မှ တာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၈ ရက်မှာ မြိုင်မြို့နယ်၊ ကမ္မမြို့ကတဆင့် တွင်းမရွာကိုရောက်ရှိကာ ညအိပ် တပ်စွဲခဲ့ပြီးနောက် ဒီကနေ့မနက် ၆ နာရီခန့်မှာ ပခုက္ကူမြို့နယ်၊ ဇောင်ဂျမ်းကုန်းရွာဘက်ကိုထွက်လာပြီး မနက် ၉ နာရီခန့်မှာ ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
အင်တာဗျူး - “မီးရှို့တဲ့အနေအထားမှာ တရွာလုံးနီးပါးလောက်ကုန်မယ့် သဘောတရားရှိတယ်။ ဒရုန်းနဲ့ ရိုက်တဲ့ဓာတ်ပုံတွေ ကြည့်ရတာအရ တော့တရွာလုံးပတ်ရှို့တယ်။ အဲ့ကနေမှ အရှေ့တောင်ဖက် ဆက်ထွက်ပြီးတော့မှ ဖောင်းကွဲရွာ နားတဝိုက်ကိုရောက်သွားတယ်လို့ သိရတယ်။ ကမ္မရဲ့ အရှေ့မြောက် ၄ မိုင်အတွင်းမှာ ရောက်နေတယ်လို့သိရတယ်။”အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်)မှတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ မြိုင်မြို့နယ်စက်မှု ၂ ကနေ ဒီဇင်ဘာ ၁ ရက်မှာစတင်ထွက်လာပြီး ပခုက္ကူမြို့နယ်က ကန်ဇောက်၊ ကမ္မ၊ ကင်းရွာ စတဲ့ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။
အင်တာဗျူး - “ဒီစစ်ကြောင်းက ၁၂ လပိုင်း ၁ ရက်နေ့က စက်မှု ၂ ကနေထွက်လာတဲ့စစ်ကြောင်းဗျ။ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မြိုင်နယ်အရှေ့တောင်ပိုင်းမှာ စစ်ကြောင်းထိုးတယ်မီးရှို့တယ်။ ၁၃ ရက်နေ့မှာ ကမ္မပြန်ရောက်ပြီး ၁၃၊ ၁၄ မှာ ကမ္မကိုမီးရှို့တယ်။အိမ်ခြေ ၁၀ အိမ်လောက်ကုန်တယ်။ ၁၆၊ ၁၇ မှာ ကန်ဇောက်ရွာကိုမီးရှို့ပြီး ၁၈ ရက်နေ့မှာ ကမ္မပြန်ရောက်တယ် ကမ္မကနေ မနေ့ကပြန်ထွက်တယ်။”လို့ ဆိုပါတယ်။
ဒီမနက်မီးရှို့ခံရတဲ့ ဇောင်ဂျမ်းကုန်းကျေးရွာဟာ အိမ်ခြေ ၆၀ ခန့်ရှိပြီး လေကြောင်းကနေလည်း ၃ ကြိမ်ထပ်မနည်းတိုက်ခိုက်ခံခဲ့ရပြီး ဒေသခံတွေလည်းအရေးပေါ်စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်၊ အိုရင်း၊ ရွာသစ်၊ ပခုက္ကူမြို့နယ်၊ ဇောင်ဂျမ်းကုန်း၊ ရေလာ၊ ဖောင်းကွဲ၊ ထန်းတပင် စတဲ့ကျေးရွာတွေက ဒေသခံ ၁ သောင်းကျော် စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့အနီးကကျေးရွာတွေကိုလည်း ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီလောက်စတင်ပြီး စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဒေသခံ ၄,၀၀၀ ကျော်တိမ်းရှောင်နေရတယ်လို့ ပေါက်မြို့ခံတွေဆီက သိရပါတယ်။
ပေါက်အခြေစိုက် ကပစ ၂၄ ကခြေလျင်ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းက စသိန်းရွာကို ဝင်ရောက်ကာ နေအိမ် ၃ လုံးကိုမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
အင်တာဗျူး - “စစ်ကြောင်းထိုးလာတာက မနက်ပိုင်းက စထိုးလာတာ၊ ပေါက် ကပစ ၂၄ တပ်ကနေ ခြေလျင် စစ်ကြောင်းထိုးလာတာ၊ စစ်ကြောင်းထိုးလာတာ ၁၀၀ လောက်တော့ရှိတယ်၊ စသိန်းရွာက နေအိမ် ၃ လုံးကို မီးရှို့တယ်၊ လက်ရှိမှာတော့ စစ်ကြောင်းက စသိန်းရွာထဲမှာ ရှိနေသေးတယ်”လို့ ပေါက် ဒေသခံတဦးက ပြောပါတယ်။
စသိန်းရွာမှာ အိမ်ခြေ ၃၀၀ နဲ့ လူဦးရေ ၂,၀၀၀ ကျော်ရှိပြီး ရွာထဲမှာစစ်ကော်မရှင်စစ်ကြောင်း ရှိနေတာကြောင့် တရွာလုံးစစ်ဘေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ခုလိုစစ်ကြောင်းထိုးတာကြောင့် ပေါက်မြို့အတွင်းက ချောင်းဝရွာ၊ ဝက်ပုတ်ရွာ၊ ညောင်ပင်သာရွာ၊ ပေပင်ရှင်မရွာ၊ ကျွန်တိုင်းရွာ၊ ဂွေးဂုံရွာ၊ စာသိန်းရွာ၊ ဂဲပင်အင်းရွာ၊ ညောင်ရင်းရွာတွေက ဒေသခံတွေ ၄,၀၀၀ ကျော်စစ်ရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
အင်တာဗျူး - “ပေါက်မြို့ ကပစ ၂၄ ကနေ ၁၃ ရက် မနက်ပိုင်းကို ချောင်းဝရွာကို ရောက်တယ်။ ၁၃ ရက် ညနေပိုင်းမှာ ကျွန်းတိုင်းရွာကိုရောက်တယ်။ စသိန်းရွာကို ၁၆ ရက် ညနေပိုင်းမှာ ရောက်လာတာ၊ စသိန်းရွာက ပေါက်မြို့ရဲ့မြောက်ဘက်မှာရှိတာ၊ ပေါက်မြို့နယ်ကို မြေပြင်ကော ဝေဟင်ကော ထိုးစစ်ဆင်နေတာ၊ ပြည်သူတွေကတော့ လေကြောင်းရန်နဲ့ ခြေလျင်စစ်ကြောင်းရန်ကြောင့် ရှောင်တိမ်းနေရတာ၊ ဆောင်းတွင်းကာလလည်းဖြစ်တော့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ အနွေးထည်၊ စောင်တွေ လိုအပ်နေပါတယ်”လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်ကလည်း ပေါက်မြို့နယ်၊ သပြေညိုတောင်ပေါ်ရှိ သပြေညို ရေနံမှော်ကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲချတာကြောင့် ချက်ဖို ၁ ခုနဲ့ တဲ ၁ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
သတင်း - ဟယ်သာ၊ ဒိန်းဂျား၊ တည်းဖြတ် - M
#မြေလတ်အသံ
#ပခုက္ကူ #ပေါက် #စစ်ကော်မရှင် #စစ်ကြောင်း #မီးရှို့ #ဒေသခံ #တိမ်းရှောင်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: