ကုလသမဂ္ဂမှာ မကျေနပ်ချက်တွေကို ထရမ့် တစ်နာရီကျော်ကြာ မိန့်ခွန်းပြော | People's Spring
Автор: People's Spring
Загружено: 2025-09-23
Просмотров: 144354
ကုလသမဂ္ဂမှာ မကျေနပ်ချက်တွေကို ထရမ့် တစ်နာရီကျော်ကြာ မိန့်ခွန်းပြော
စက်တင်ဘာ - ၂၄ ၊၂၀၂၅
သူ့ရဲ့ အမေရိကန် သမ္မတ ဒုတိယ သက်တမ်းအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ ဆန္ဒ သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေးအပေါ် ရှုမြင်ပုံတွေကို ဘွင်းဘွင်း ရှင်းရှင်း ပြောသွားခဲ့ပါတယ်။
သူ့ရဲ့ သမ္မတသက်တမ်း ပထမအကြိမ် အတောအတွင်း လွန်ခဲ့တဲ့ ၆ နှစ်လောက်က ပြောကြားခဲ့တဲ့ ကုလသမဂ္ဂ မိန့်ခွန်းတုန်းက သူ့စကားတွေကို ရယ်ပွဲဖွဲ့ခဲ့တဲ့ သူတွေဟာ ၂၀၂၅ မိန့်ခွန်းမှာတော့ အကုန် တိတ်ဆိတ်ကုန်တယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
တစ်နာရီ စွန်းစွန်းလောက် ကြာမြင့်ခဲ့တဲ့ မိန့်ခွန်းအတွင်း ထရမ့်က Trumpismလို့ အများက ခေါ်ဝေါ်တဲ့ သူ့ကိုယ်ပိုင် သဘောထား မူဝါဒတွေကို အရှိန်မြှင့် အကောင်အထည် ဖော်မယ့်အကြောင်း ထောက်ခံသူတွေဆီ သတင်းစကား ပေးပို့ခဲ့ပြီး သူ့ကို ဆန့်ကျင် ဝေဖန်သူတွေ အတွက်တော့ ဘေးကျပ်နံကျပ် ဖြစ်လာမယ့် နိမိတ်တွေကို ပြသသွားခဲ့ပါတယ်။
အထူးသဖြင့် ထရမ့်ဟာ သူ့ရဲ့ အတိုက်အခံ အင်အားစုတွေရဲ့ အတွေးအခေါ် အယူအဆပိုင်းကို အစုအဖွဲ့ တစ်ခုချင်းစီ အပိုင်းလိုက်ခွဲပြီး ထိုးနှက်သွားခဲ့ပါတယ်။ သူ့ရဲ့ စကားတွေထဲမှာတော့ အမေရိကန်ဟာ ရွှေခေတ်တစ်ခုမှာ ရှင်သန်နေထိုင်ဖူးပြီး အဲဒီကာလတွေဆီ ပြန်သွားဖို့ လိုအပ်တယ် ဆိုတာတွေ ပါဝင်ခဲ့သလို သူ့ရဲ့ သမ္မတသက်တမ်း နှစ်ကြိမ်အတွင်း နိုင်ငံတကာ စစ်ရေးပဋိပက္ခ ၇ ခုထိကို ရပ်တန့်ပစ်နိုင်ခဲ့တယ်ဆိုတဲ့ စကားကိုလည်း နောက်တစ်ကြိမ် ထပ်ပြောခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အထွေထွေ ညီလာခံရဲ့ မိခင် အဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂကိုလည်း ထရမ့်က ပြစ်တင်ခဲ့ပြီး သူ့ရဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေကို ဘာမှ ဝင်မကူခဲ့ဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ကုလသမဂ္ဂဟာ အင်မတန် ကြီးမားတဲ့ အလားအလာမျိုးတွေ ပိုင်ဆိုင်ထားပေမယ့် ဘာကိုမှ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ ဒီတော့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုလားကြောင်း ထရမ့်က ဆိုပါတယ်။ ကုလသမဂ္ဂဟာ စစ်ပွဲတွေကို ရပ်ဆိုင်းရမယ့်အစား အနှစ်သာရ ကင်းမဲ့တဲ့ စကားတွေကိုချည်း ပြောနေတယ်လို့ သူက ဝေဖန်ခဲ့ပါတယ်။
ဒါတင် မကသေးဘဲ အမေရိကန်ကို တရားမဝင် ဝင်ရောက်ပြီး အခြေချဖို့ ကြိုးစားနေတဲ့ နိုင်ငံခြားသားတွေကို ကုလသမဂ္ဂက အကူအညီ ပေးနေတယ်လို့လည်း ထရမ့်က စွပ်စွဲသွားပါတယ်။ ကုလသမဂ္ဂရဲ့ တာဝန်က ကျူးကျော်မှုတွေကို တားဆီးဖို့ဖြစ်ကြောင်း၊ ကျူးကျော်သူတွေကို ဖန်တီးဖို့၊ ငွေကြေးထောက်ပံ့ဖို့ မဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။
ကုလသမဂ္ဂကို ထရမ့်က ဘယ်လောက် စိတ်အချဉ်ပေါက်နေသလဲဆိုရင် မိန့်ခွန်းလာပြောတဲ့အချိန် ကုလသမဂ္ဂ ဌာနချုပ်ထဲမှာ စက်လှေကားတစ်စီး ပျက်နေတာ၊ သူကြိုတင် ရေးသားထားတဲ့ မိန့်ခွန်းကို စာတန်းထိုးပြတဲ့ screen ပျက်နေတာတွေကိုပါ ထည့်ပြီး အပြစ်တင်သွားပါတယ်။ အဲဒီ screen ပျက်နေတာကြောင့် သူဟာ စိတ်နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ စကားတွေကိုပဲ ဖွင့်ချတော့မယ်လို့လည်း ထရမ့်က ပြောခဲ့ပါသေးတယ်။
ကုလသမဂ္ဂဆီက သူရခဲ့တာဆိုလို့ စက်လှေကားအစုတ်၊ မိန့်ခွန်း စာတန်းထိုး screen အစုတ်တစ်ခုသာ ရှိခဲ့ကြောင်း ထရမ့်က ဝေဖန်ခဲ့ပြီး စက်လှေကားက ရုတ်တရက်ကြီး ထိုးရပ်သွားလို့ သူ့ရဲ့ ဇနီး မယ်လာနီယာ ထရမ့်တောင်မှ လဲကျလုနီးပါး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ပဋိပက္ခတွေမှာ ကုလသမဂ္ဂရဲ့ ထိရောက်တဲ့ ကြားဝင် ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့နေတာဟာ လုံခြုံရေး ကောင်စီရဲ့ ဗီတိုအာဏာပိုင် နိုင်ငံတွေက ခြယ်လှယ် စွက်ဖက်မှုကြောင့်လို့ နိုင်ငံရေး သုတေသီ အများစုက ယူဆထားပါတယ်။ အမေရိကန်ဟာ အဲဒီနိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လောလောလတ်လတ် အနေနဲ့ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဗီတိုအာဏာသုံးပြီး ပယ်ချထားပါတယ်။
ဒါပေမဲ့ ထရမ့်ရဲ့ အမြင်မှာတော့ အဲဒီလိုမျိုး ကမ္ဘာ့ရေးရာ ကိစ္စတွေမှာ နိုင်ငံစုံက တစ်ယောက်တစ်ပေါက် ဝိုင်းဆုံးဖြတ်နေကြတာထက် သူကိုယ်တိုင်လိုမျိုး ဩဇာကြီးမားသူ တစ်ဦးက ကြားဝင်ပြီး သဘောတူညီမှုတွေ ယူဆောင်ပေးတာမျိုးက ပိုပြီး ထိရောက်လိမ့်မယ်လို့ ယူဆတာမျိုးလည်း ရှိနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ထရမ့်ဟာ ကုလသမဂ္ဂရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု လျော့နည်းနေတယ် ဆိုတာကို နှုတ်ကလည်း ထုတ်ပြောထားသလို အမေရိကန်ရဲ့ ရန်ပုံငွေ ထည့်ဝင်မှုတွေကိုပါ လျှော့ချပြီး မြင်သာစေခဲ့ပါတယ်။
ထရမ့်ရဲ့ ဝေဖန်မှုတွေကို တိတိကျကျ ခံရတဲ့ထဲမှာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ ဥရောပ နိုင်ငံတွေလည်း ကင်းလွတ်ခွင့် မရခဲ့ပါဘူး။ သူက ဥရောပ နိုင်ငံတွေဟာ ရုပ်ကြွင်းလောင်စာအစား သန့်စင်စွမ်းအင်၊ ပြန်လည်ပြည့်မြဲ စွမ်းအင်တွေကို ပိုမို မှီခိုလာတာ၊ ရွှေ့ပြောင်း အခြေချသူတွေအတွက် နယ်စပ်တွေကို ဖွင့်ပေးနေတာတွေကို ထိုးနှက်သွားခဲ့ပါတယ်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာတော့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် အများအပြားက ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် သတ်မှတ် ဆက်ဆံဖို့ သဘောထား ပြောင်းလဲလာတာကို ထရမ့်က ရှုတ်ချသွားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့ ဟားမားစ် ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအတွက် ပေးတဲ့ ဆုလာဘ်က ကြီးမားလွန်းနေတယ်လို့ ထရမ့်က အငေါ်တူးခဲ့ပါတယ်။
သူက ဟားမားစ်တွေ လက်ထဲမှာ ရှိနေဆဲ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးကို ထပ်လောင်း တောင်းဆိုသွားခဲ့ပြီး အမှန်တကယ် လက်တွေ့ကျတဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုမျိုးနဲ့ စစ်ပွဲကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့ လိုတယ်လို့လည်း ပြောကြားသွားပါတယ်။
နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ အခုသီတင်းပတ်အတွင်း ပြုလုပ်နေတဲ့ အထွေထွေ ညီလာခံမှာ ထရမ့် အပါအဝင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် ၁၅၀ လောက် မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
ကိုးကား - Reuters
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: