တိုက်ပွဲများကြောင့် ကလေး-တီးတိန် ကားခ ကျပ် ၂ သိန်း အထိ မြင့်တက်
Автор: Chin World Media
Загружено: 2025-11-14
Просмотров: 165
နို၀င်ဘာလ ၁၄ ရက်။
ကလေး-သိုင်းငင်း-တီးတိန်လမ်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲများကြောင့် ၂ ပတ်ခန့် ပြတ်တောက်နေသော ကလေး-တီးတိန် လမ်းလွှဲများ နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး ပြန်လည် အသုံးပြုလာကာ ခရီးသည် တစ်ဦးလျှင် ကားခ ကျပ် ၂ သိန်း အထိ ပေးခဲ့ရကြောင်း ကလေးမြို့ မှ တီးတိန်မြို့ကို သွားရောက်သည့် ခရီးသည် တဦး ထံမှ သိရှိခဲ့ရ ပါတယ်။
“ကလေး-တီးတိန် ကားခ က တဦး နှစ်သိန်း ရှိပါတယ်။ အရင်ကတော့ တသိန်းခွဲ အထိ တက်ဖူးတယ်။ အခု တခေါက်က စံချိန်တင် လို့ ပြောလို့ ရတယ်။ ယာဉ်လိုင်းတိုင်း ပြေးဆွဲ ရဲတာ တော့ မဟုတ်သေးဘူး။ ဆိုင်ကယ်ကယ်ရီ နဲ့ သွားရင် ကျပ် သုံးသိန်းငါးသောင်း ပေးရတယ်။ လမ်းလွှဲတွေ က တဆင့် တချို့ တောလမ်းတွေပါ လိုက်ခဲ့ရတယ်။ လမ်းလည်း ကြမ်းတယ်” လို့ အဆိုပါ ခရီးသွားမှ ဆက်လက် ပြောကြား ခဲ့ပါတယ်။
တီးတိန်မြို့နယ် အတွင်းမှာ အောက်တိုဘာ ၂၉ ရက်နေ့ က စတင်ပြီး စစ်ကော်မရှင် စစ်တပ်မှ ထိုးစစ်ဆင် စစ်ကြောင်း ထိုးလာခြင်းကြောင့် လမ်းမကြီး တလျှောက် တိုက်ပွဲများ ဆက်တိုက် နီးပါး ဖြစ်ပွား နေကြောင်း၊ အဓိက အသုံးပြုသည့် လမ်းမများ နှင့် လမ်းလွှဲများ အသုံးပြု နိုင်ခြင်း မရှိတဲ့ အတွက် နှစ်ပတ်ကျော်ခန့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း၊ လက်ရှိမှာတော့ တချို့ ယာဉ်လိုင်းသည် အရဲစွန့်ပြီး ခရီးသည်များ ပြန်လည် ပို့ဆောင်ပေး နေကြောင်း ဒေသခံများ ထံမှ သိရှိခဲ့ရ ပါတယ်။
“တိုက်ပွဲ ဖြစ်လာတော့ တချို့ ကားတွေက တိုက်ပွဲကြား ပိတ်မိ နေတာ။ သူတို့က နီးစပ်ရာ ရွာတွေ၊ ရွာချင်းဆက်လမ်းတွေ ကနေ ရှောင်ကွင်းသွားကြတယ်။ အချို့ကားတွေက အခုထိ စစ်ရှောင်တဲ့ ရွာတွေမှာ သောင်တင် နေတုန်းပဲ။ လူစီးကား လောက်ပဲ ထွက်တာပါ။ ကုန်ကားတွေ သွားလာလို့ အဆင်မပြေသေးဘူး” လို့ တီးတိန်မြို့နယ်ရှိ ကျေးလက်နေ ပြည်သူ တဦးက ပြောကြား ခဲ့ပါတယ်။
ရက်အတန်ကြာ ကားများ မောင်းနှင် အသုံးပြုခြင်း မရှိတဲ့ တီးတိန်မြို့ လမ်းမကြီများ အပေါ်မှာ လည်း နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လည် ပိုင်းက စပြီး ကားမျိုးစုံ ကြိုကြားကြိုကြား ပြန်လည် မောင်းနှင်လာကြတယ် လို့လည်း တီးတိန်မြို့နေ ပြည်သူ တဦးက ဆိုခဲ့ ပါတယ်။
ခိုင်ကမ်းကနေ တက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းနဲ့ တီးတိန်ကနေ ဆင်းလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတို့ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့က သိုင်းငင်းရွာ ဆုံကြပြီ ဖြစ်သော်လည်း ဒေသ ချင်းတော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းခွဲ တိုက်ခိုက် နေဆဲ ဖြစ်တာကြောင့် ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီး ကို အသုံးမပြု သင့်ဘူး လို့လည်း စစ်ရေး သတင်း အရင်းအမြစ်များ ထံမှ သိရှိခဲ့ရ ပါတယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: